“ကြီးပွားချမ်းသာမယ်”

“ကြီးပွားချမ်းသာမယ်”
••••••••••••••••••••••••••••••••••••••
(၁)။ ထထကြွကြွ ဝီရိယရှိရခြင်း၊
(၂)။ စောင့်ရှောက်ရခြင်း၊
(၃)။ မိတ်ဆွေကောင်းရှိရခြင်း၊
(၄)။ အဝင်အထွက် မျှရခြင်း၊

ဒီ၎ပါးနဲ့ ပြည့်စုံရင် ဒီဘဝမှာ စီးပွါးချမ်းသာဖို့ရာဖြစ်တယ်။

(၁)။ ထထကြွကြွ ဝီရိယရှိရမယ်ဆိုတာ စီးပွားရေး
လုပ်ငန်းမှာ ကျွမ်းကျင်ရတယ်။ မပျင်းရဘူး၊ စူးစမ်းရတယ်။
ကိုယ်တိုင် လုပ်နိုင်ရတယ်။ သူတစ်ပါးကို စီမံနိုင်ရတယ်။

(၂)။ တရားနဲ့အညီ ကြိုးကြိုးစားစား ရှာဖွေလို့ရရှိထားတဲ့
ပစ္စည်းဥစ္စာတွေကို မင်းဆိုး၊ သူခိုး၊ မီး၊ ရေ
အမွေခံသားသမီးဆိုးတွေ မဖျက်စီးနိုင်အောင်
စောင့်ရှောက်ရတယ်။

(၃)။မိမိနေရာ မြို့ရွာနိဂုံးတွေမှာ သဒ္ဓါ၊သီလ၊ဒါန၊ပညာနဲ့
ပြည့်စုံကြတဲ့ ကြီးကြီးငယ်ငယ် သူကြွယ်၊
သူကြွယ်သားတွေ ရှိမယ်။ အဲဒီလူတွေနဲ့အတူ
စကားပြောရတယ်။ ဆွေးနွေးရတယ်။
သူတို့လို သဒ္ဓါ၊ သီလ၊ ဒါန၊ ပညာ ရှိလာအောင်
အတုလိုက်ကျင့်ရတယ်။
အဲဒါဟာ မိတ်ဆွေကောင်း ရှိတာပဲ။

(၄)။ စည်းစိမ်ဥစ္စာတွေရဲ့ အဝင်အထွက်ကိုသိပြီး
အဝင်အထွက် မများစေရ။ ဥပမာ ချိန်ခွင်ချိန်သူဟာ
ချိန်ခွင်ကို မြှောက်လိုက်ပြီး ချိန်ခွင်လျှာဟာ ဒီလောက်
အောက်ကျတယ်။ ဒီလောက် အပေါ်တက်တယ်လို့
သိရသလိုပါပဲ။

ဝင်ငွေနည်းပြီး ကြီးကြီးကျယ်ကျယ် အသက်မွေးရင်
(အသုံးများရင်) သဖန်းသီးစားသူလို စည်းစိမ်ဥစ္စာတွေကို
သုံးစွဲတယ်လို့ ပြောတတ်ကြတယ်။ သဖန်းသီးတွေကို
စားလိုသူဟာ အသီးတွေမှည့်နေတဲ့ သဖန်းပင်ကို
လှုပ်လိုက်တဲ့အခါ တစ်ကြိမ်လှုပ်လိုက်တာနဲ့ပဲ
အသီးတွေ အများကြီး ကြွေကျေတယ်။
စားကောင်းမယ့် အသီးတွေကို စားတယ်။
ကျန်တဲ့ အသီးတွေအများကြီကို ထားခဲ့ပြီးသွားတယ်။
အဲဒီလူလိုပဲ အဝင်ထက် အထွက်များအောင်
သုံးစွဲတယ်လို့ ဆိုလိုပါတယ်။

ဝင်ငွေများပြီး ဆင်းဆင်းရဲရဲ အသက်မွေးရင်
ကိုးကွယ်ရာမဲ့သူလို သေရလိမ့်မယ်လို့
ပြောတတ်ကြတယ်။

(၁)။ မိန်းမ လိုက်စားတာ (ပွေတာ)၊
(၂)။ သေရည်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊
(၃)။ အလောင်းအစား လုပ်တာ၊
(၄)။ မိတ်ဆွေညံ့နဲ့ ပေါင်းသင်းတာ၊
အဲဒီ ၄ခု ဟာ ပစ္စည်းဥစ္စာ ထွက်ပေါက် ၄ ခုပဲ။
ဥပမာ တစ်ဖက်ဆည်ကန်ကြီးမှာ ထွက်ပေါက်က ၄ခု၊
ဝင်ပေါက် က ၄ခု ရှိတယ်။ ဝင်ပေါက်တွေကို
ပိတ်ထားပြီး ထွက်ပေါက်တွေကို ဖွင့်ထားရင်
မိုးကလည်း ကောင်းကောင်းမရွာရင် ရေကုန်သာ
ကုန်သွားမယ်။ တိုးမလာနိုင်သလိုပါပဲ။

(၁)။ မိန်းမ မလိုက်စား၊
(၂)။ သေရည် အရက်၊ မူးယစ်ဆေးဝါး မသုံးစွဲ၊
(၃)။ အလောင်းအစား မလုပ်၊
(၄)။ မိတ်ဆွေကောင်းနဲ့ ပေါင်းသင်းခြင်း၊
အဲဒီ ၄ခုဟာ ပစ္စည်းဥစ္စာ ဝင်ပေါက် ၄ ခုပဲ။

ဥပမာ၊ တစ်ဖက်ဆည်ကန်ကြီးမှာ ဝင်ပေါက်တွေကို
ဖွင့်ထားပြီး၊ထွက်ပေါက်တွေကို ပိတ်ထားရင်
မိုးကလည်း ကောင်းကောင်းရွာရင် ရေဟာ
တိုးဖို့သာ ရှိတယ်။လျော့သွားဖို့ မရှိသလိုပါပဲ။
ကောလိယရဲ့သား ဒီဃဇာဏုနဲ့ ဥဇ္ဇယပုဏ္ဏားတို့က
ဘုရားရှင်အား တောင်းပန်လျှောက်ထားလို့
ဘုရားရှင်က သူတို့အား အထက်ပါ အထက်ပါ
စကားတွေကို ဟောကြားတော်မူခဲ့ပါတယ်။
(အံ၊ပါဠိ၊တ၊၁၀၇)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“မကြာခင် စီးပွားတက်ချင်ရင်”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဇနီးမောင်နှံ နှစ်ဦးဟာ မကြာခင်ပဲစည်းစိမ်ဥစ္စာတွေ
ပေါများ တိုးပွားချင်ရင် ဒီအချက်၎ ချက်နဲ့ ပြည့်စုံဖို့
ဘုရားရှင်က ဟောကြားတော် မူခဲ့ပါတယ်။
(၁)။ သင့်လျော်လျောက်ပတ်တဲ့ အရပ်မှာ နေရခြင်း၊
(၂)။လူကောင်းတွေနဲ့ ပေါင်းသင်းရခြင်း၊
(၃)။ ကိုယ့်ကိုယ်ကို လူကောင်းဖြစ်အောင်ထိန်းသိမ်း
စောင့်ရှောက်ခြင်း၊
(၄)။ ရှေးဘဝက ကောင်းမှုပြုခဲ့ခြင်း။
ဒီ ၄ပါးနဲ့ ပြည့်စုံရင် လူနတ်တွေမှာမကြာခင်ပဲ
စည်းစိမ်ဥစ္စာတွေ ပေါများတိုးပွားလာတယ်။
ဥစ္စာ၊ စပါး၊ အခြွေအရံ အကျော်အစော၊
ကိုယ်စိတ်ချမ်းသာတွေကို ရရှိလာတယ်။
(အံ၊ပါဠိ၊ပ၊၃၄၁)

ဒီဘုရားစကားတော်အရ ဇနီးမောင်နှံနှစ်ဦးဟာ
နေရာကောင်း၊ လူကောင်းတွေကို ရွေးချယ်တတ်ရပါမယ်။
ကိုယ့်ကိုယ်ကိုလည်း လူ ကောင်းတစ်ယောက်ဖြစ်အောင်
လုပ်ရပါမယ်။ မှန်ကန်တဲ့လမ်းကြောင်းပေါ်က
ဘေးချော်ကျမသွားအောင် ပြုမူပြောဆိုတတ်ရပါမယ်။
စိတ်ထားတတ်ရပါမယ်။ ရှေးဘဝက ကောင်းကံတွေကို
များများ ပြုလုပ်ပေးရပါမယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ကြာရှည်စွာ ပစ္စည်းပေါချင်ရင်…”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
စည်းစိမ်ဥစ္စာတွေ ပေါများနေစေဦးတော့၊
အောက်ပါအချက် ၄ပါးလုံးဖြစ်စေ၊ ၄ ပါးထဲက
တစ်ပါးပါးဖြစ်စေ ရှိလာရင် အဲဒီစည်းစိမ်ဥစ္စာ
အားလုံးဟာ ကြာရှည်စွာ မတည်ရှိနိုင်ပါ။

အဲဒီအချက်၎ ချက်ကို ဘုရားရှင်က ဒီလို
ဟောတော်မူခဲ့ပါတယ်။
(၁)။ ပျောက်တာကို မရှာခြင်း၊
(၂)။ အဟောင်းကို မပြုပြင်ခြင်း၊
(၃)။ အစားအသောက်မှာ နှိုင်းချိန်မှု မရှိခြင်း၊
(၄)။ သီလမရှိတဲ့ ယောက်ျားကိုဖြစ်စေ၊
မိန်းမကိုဖြစ်စေ ဘဏ္ဍာစိုးအရာမှာ ထားခြင်း။

ပေါများတဲ့ စည်းစိမ်ဥစ္စာတွေ ကြာရှည်စွာ
တည်ရှိစေချင်ရင်တော့ ပြောင်းပြန်အချက် ၄ ချက်ကို
ဟောတော်မူခဲ့ပါတယ်။
(၁)။ ပျောက်တာကို ရှာခြင်း၊
(၂)။ အဟောင်းကို ပြုပြင်ခြင်း၊
(၃)။ အစားအသောက်မှာ နှိုင်းချိန်မှု ရှိခြင်း၊
(၄)။ သီလရှိတဲ့ ယောက်ျားကို ဖြစ်စေ၊ မိန်းမကိုဖြစ်စေ
ဘဏ္ဍာစိုးအရာမှာ ထားခြင်း။
(အံ၊ပါဠိ၊ပ၊၅၇၂)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“စီးပွါးပျက်ကြောင်း ၆ပါး”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဇနီးမောင်နှံနှစ်ဦးဟာ စီးပွားဥစ္စာ တိုးပွားအောင်
စုဆောင်းကြရပါမယ်။ စီးပွားတွေ ပျက်မသွားအောင်
ဂရုစိုက်ကြရပါမယ်။ စီးပွားပျက် စေမယ့်အရာတွေကို
သိအောင်လုပ်ပြီး ရှောင်ရှားကြရပါမယ်။
စီးပွားပျက်ကြောင်း ၆ ပါးကို သိင်္ဂါလကအား ဘုရားရှင်က
ဒီလို ဟောတော်မူခဲ့ပါတယ်။
(၁)။ သေရည် အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၂)။ မသင့်လျော်တဲ့အချိန်အခါမှာ လမ်းလည်ခြင်း။
(၃)။ ပွဲလမ်းသဘင် အပျော်အပါး သွားခြင်း။
(၄)။ မိတ်ဆွေညံ့တွေနဲ့ ပေါင်းသင်းခြင်း။
(၅)။ ပျင်းရိခြင်း။
(ပါထိကပါဠိ၊ ၁၄၇)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ရှောင်လေဝေးဝေး မူးယစ်ဆေး”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဇနီးမောင်နှံဟာ ရှိထားတဲ့ စီးပွားတွေ မပျက်ရအောင်
သေရည်၊ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲတာကို
ရှောင်ရတယ်။ သုံးစွဲရင် ဆိုးကျိုး ၆ မျိုး ရကြောင်းကို
ဘုရားရှင်က သိင်္ဂါလကသူကြွယ်သားအား
ဟောကြားတော်မူခဲ့တယ်။
(၁)။ စီးပွါးပျက်ခြင်း၊
(၂)။ ခိုက်ရန်ပွားခြင်း၊
(၃)။ ရောဂါများခြင်း၊
(၄)။ နာမည်ပျက်ခြင်း၊
(၅)။ ကိုယ်အင်္ဂါမလုံခြုံလို့ အရှက်ကွဲခြင်း၊
(၆)။ အသိပညာ အားနည်းခြင်း
(ပါထိကပါဠိ၊ ၁၄၈)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ချိန်ခါမဲ့မှာ ခရီး မသွားရာ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဇနီးမောင်နှံ နှစ်ဦးဟာ စီးပွားမပျက်ရအောင်
အချိန်အခါမဲ့မှာ ခရီးသွားတာကို ရှောင်ရပါတယ်။
မရှောင်ရင် ရနိုင်တဲ့ အပြစ် ၆ ပါးကို ဘုရားရှင်ကာ
သိင်္ဂါလက သူကြွယ်သားအား
ဟောကြားတော်မူခဲ့ပါတယ်။
(၁)။ ကိုယ်ကိုယ်တိုင်လည်း ဘေးရန်မလုံခြုံခြင်း၊
(၂)။ သားသမီး ဇနီးမယားလည်း ဘေးရန်မလုံခြုံခြင်း၊
(၃)။ ကိုယ့်ပစ္စည်းဥစ္စာလည်း ဘေးရန်မလုံခြုံခြင်း၊
(၄)။ မကောင်းမှုလုပ်ငန်းတွေမှာ ယုံမှားခံရခြင်း၊
(၅)။ မဟုတ်မမှန် စွပ်စွဲခံရခြင်း၊
(၆)။ ဒုက္ခမျိုးစုံ ကြုံရခြင်း၊
(ပါထိကပါဠိ၊ ၁၄၈)

▬▬▬▬▬▬▬▬▬▬▬▬
“ပွဲ နဲ့ စီးပွား”
▬▬▬▬▬▬▬▬▬▬▬▬
ဇနီးမောင်နှံ နှစ်ဦးဟာ စီးပွားမပျက်ရအောင် ပွဲလမ်းသဘင်
သွားခြင်းကို ရှောင်ကြဉ်ရတယ်။ ပွဲလမ်းသဘင်
သွားခြင်းရဲ့ အပြစ်တွေကို ဘုရားရှင်က သိင်္ဂါလက
သူကြွယ်သားအား ဒီလိုဟောတော်မူခဲ့ပါတယ်။
(၁)။ ကပွဲရှိရာသို့ သွားဖန်များခြင်း၊
(၂)။ သီချင်းဆိုပွဲရှိရာသို့ သွားဖန်များခြင်း၊
(၃)။ တီးမှုတ်ပွဲရှိရာသို့ သွားဖန်များခြင်း၊
(၄)။ ပြဇာတ် ရုပ်ရှင်ရုံရှိရာသို့ သွားဖန်များခြင်း၊
(၅)။ လက်ခုပ်တီးသံရှိရာသို့ သွားဖန်များခြင်း၊
(၆)။ အိုးစည်တီးဝိုင်းရှိရာသို့ သွားဖန်များခြင်း၊
ဒီပွဲလမ်းသဘင်တွေကို အလည်အပတ်
သွားဖန်များသူမှာ စီးပွားပျက်တတ်တယ်။
(ပါထိကပါဠိ၊ ၁၄၈)

▬▬▬▬▬▬▬▬▬▬▬▬▬
“လောင်းကစားနဲ့ စီးပွား”
▬▬▬▬▬▬▬▬▬▬▬▬▬▬
ဇနီးမောင်နှံ နှစ်ဦးဟာ စီးပွားမပျက်ရအောင်
အလောင်းအကစားတွေကို ရှောင်ကြဉ်ရတယ်။
မရှောင်ကြဉ်ရင် ရနိုင်မယ့် အပြစ်တွေကို ဘုရားရှင်က
သိင်္ဂါလကသူကြွယ်သားအား ဒီလိုဟောတော်မူခဲ့ပါတယ်။
(၁)။ နိုင်ရင် ရန်ပွားခြင်း၊
(၂)။ ရှုံးရင် စိုးရိမ်ပူပန်ရခြင်း၊
(၃)။ စီးပွားပျက်ခြင်း၊
(၄)။ ပရိသတ်ဗိုလ်ပုံအလယ်မှာ ကိုယ့်စကား
အရာမရောက်ခြင်း၊
(၅)။ ဆွေမျိုး မိတ်ဆွေတွေ စွန့်ခွာသွားခြင်း၊
(၆)။ သမီးရှင်တွေက မိမိတို့ သမီးနှင့် မပေးစား၊
မထိမ်းမြား ပေးလိုခြင်း၊
(ပါထိကပါဠိ၊ ၁၄၉)

▬▬▬▬▬▬▬▬▬▬▬▬▬▬
“မိတ်မကောင်း (၆) ယောက်”
▬▬▬▬▬▬▬▬▬▬▬▬▬▬
ဇနီးမောင်နှံ နှစ်ဦးဟာ မိတ်မကောင်းတွေနဲ့
မပေါင်းသင်းရဘူး။ပေါင်းသင်းရင် စီးပွားပျက်မယ်။
မိတ်မကောင်း ၆ ယောက် ရှိကြောင်း ဘုရားကာ
သိင်္ဂါလကအား ဟောခဲ့ပါတယ်။
(၁)။ ကြွေအန်လောင်းကစားသူ၊
(၂)။ မိန်းမ စသည် လိုက်စားပျော်ပါးသူ၊
(၃)။ အရက်သေစာ သောက်စားသူ၊
(၄)။ အတုနဲ့ လှည့်ပတ်သူ၊
(၅)။ မျက်မှောက်မှာ လိမ်သူ၊
(၆)။ ခိုးယက်လုယူသူ။
(ပါထိကပါဠိ၊ ၁၄၉)

▬▬▬▬▬▬▬▬▬▬▬
“လူပျင်း မဖြစ်ပါနဲ့”
▬▬▬▬▬▬▬▬▬▬▬
ဇနီးမောင်နှံ နှစ်ဦးဟာ လူပျင်း ၆ ဦးထဲမှာ မပါမှ
စီးပွားမပျက်မှာပါ။ လူပျင်းစာရင်းဝင်သွားရင် စီးပွား
ပျက်လိမ့်မယ်။ လူပျင်း ၆ မျိုးကို ဘုရားက
သိင်္ဂါလကအား ဟောကြားခဲ့ပါတယ်။
(၁)။ အေးလွန်းတယ်၊ ချမ်းလွန်းတယ်လို့
အကြောင်းပြကာ ပျင်းသူ၊
(၂)။ ပူလွန်းတယ်၊ အိုက်လွန်းတယ် လို့
အကြောင်းပြကာ ပျင်းသူ၊
(၃)။ မိုးချုပ်လွန်းတယ်လို့ အကြောင်းပြကာ ပျင်းသူ၊
(၄)။ စောလွန်းသေးတယ်လို့ အကြောင်းပြကာ ပျင်းသူ၊
(၅)။ ဗိုက်ပြည့်လွန်းတယ်လို့ အကြောင်းပြကာ ပျင်းသူ၊
(၆)။ ဆာလွန်းတယ်လို့ အကြောင်းပြကာ ပျင်းသူ၊
အဲဒီလိုပျင်းပြီး အလုပ်မလုပ်သူမှာ မဖြစ်သေးတဲ့
စီးပွားဖြစ်မလာ၊ ဖြစ်ပြီး စီးပွားတွေ ပျက်တယ်။
(ပါထိကပါဠိ၊ ၁၄၉)
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
Posted by►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]

Credit.....

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕



Posted via Blogaway


No comments:

Post a Comment

မင်္ဂလာပါ နော်

လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်

  လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်​များ​သော ပို့စ်​များ