သက္ကရာဇ် ၄၀၆-ခု တော်သလင်းလဆန်း ၉-ရက်နေ့တွင် အနုရာဓ၏ တပ်များသည် အလုံးအရင်းဖြင့် ပုပ္ပားမှ ပုဂံမြို့တော်ဆီသို့ ဦးတည်ချီတက်လာကြ၏။ အသက်သုံးဆယ် အရွယ်မျှသာ ရှိသေးသော အနုရာဓမင်းသားသည် မြင်းသည်တော်များ၊ ခြေလျင်စစ်သည်များကို အုပ်ချုပ်ကွပ်ကဲလျက် အောင်စည်အောင်မောင်းများ ဆူညံစွာ တီးခတ်ကာ မြို့တော်သရဗာတံခါး အနီးသို့ တစ်စတစ်စ ချဉ်းကပ်လာသည်။ ဤအကြောင်းကို ကြားသိရသူ ဖခင်နန်းကျမင်းကြီးနှင့် မိခင်မြောက်ပြင်သည် မိဖုရားဟောင်းတို့မှာ သားဖြစ်သူအတွက် ဝမ်းမြောက်ပီတိ ဖြစ်ကြရ၏။ ပုဂံပြည်သူ ပြည်သားအများကလည်းအနုရာဓကို သောင်းသောင်းဖျဖျကြိုဆိုကြသည်။
အနုရာဓသည် သရဗာတံခါးထိပ်သို့ ရောက်ရှိသည်နှင့်ပင် နောင်တော်စုက္ကတေးဘုရင်အား စာသဝဏ် ပို့ဆက်လိုက်၏။ စာသဝဏ်တွင် နောင်တော် နန်းကို ပေးအပ်မည်လော၊ စစ်ပြုမည်လောဟု ပြတ်ပြတ်သားသားပင် မေးခွန်းထုတ်လိုက်သည်။ စုက္ကတေး၏ စစ်သည်အများမှာလည်း သရဗာတံခါး အတွင်းဘက်တွင် အသင့်နေရာ ယူပြီးကြလေပြီ။ ကျန်သရဗာတံခါး၊ သာတန်တံခါး၊ ငါးမြီးယပ်တံခါး စသည့် မြို့တံခါးများသို့လည်း စစ်သည်ရဲမက်အင်အား ခွဲဝေချထား စောင့်ကြပ်နေစေ၏။ သို့သော်စုက္ကတေးမင်းက သူတို့ကို တစ်စုံတစ်ရာ အမိန့်မပေးသေး။ စုက္ကတေးသည် အနုရာဓထံမှ စာသဝဏ်ကို ရရှိသောအခါ အလွန်အမင်း ဒေါသထွက်သွားလေ၏။
သက်တော်ငါးဆယ့်သုံးနှစ် အရွယ်ရှိပြီဖြစ်သော မိမိကဲ့သို့သော ဧကရာဇ်မင်းမြတ်ကို မလောက်လေး မလောက်စား ခံတွင်းတွင်မျှ နို့ဖတ်မစင်သေးသူ အနုရာဓက တိုက်မည်ခိုက်မည်ဟု ရန်စကားဆိုလာသည်။ ငါသည် သနားကရုဏာသက်စွာဖြင့် ခမည်းတော်ကိုလည်း ကျောင်းသင်္ခမ်းတောရ ဆောက်တည်၍ ကောင်းစွာထားခဲ့သည်။ သင်း၏မယ်တော်ကို လည်ကောင်း၊ သင်းကို လည်းကောင်း အထိုက်အလျောက် ချီးမြှင့်မြောက်စားခဲ့သည်။ ယခုငါမွေးသည့် မျောက်ကပင်ငါ့ကို ပြန်ခြောက်လှန့်နေချေပြီ။ အနုရာဓသည် ငါ၏လက်ခုပ်တွင်းမှ ရေသဖွယ်သာ ဖြစ်၏။ သင့်ကို ငါ၏မိထွေးတော်မှ ဖွားမြင်၍သာ ညီတော်ဟု ဆိုရသည်။ သင်းသည်ငါ့အား နောင်တော်အဖြစ် အသိအမှတ်ပြုသူ မဟုတ်၊ အလေးဂရုပြုသူလည်း မဟုတ်။
နောင်တော်ဘုရင် ကျည်းစိုသာ ယခုနေ သက်ရှိထင်ရှား ရှိပါမူ ငါ့အား အပြစ်ဆိုရော့မည်။ စောစီးစွာသော ကာလကပင် အနုရာဓအား ဖယ်ရှားပစ်သင့်ခဲ့သည် မဟုတ်ပါလော။ ယခုမူ ရန်သူက လက်တစ်ကမ်းသို့ ရောက်ရှိနေပေပြီ။ စုက္ကတေးမင်းသည် ရာဇပလ္လင်ထက်မှ ဆင်းကာ ညီလာသဘင်ဆောင် လမ်းမအတိုင်း လမ်းလျှောက်လာလိုက်၏။ မှူးမတ်ဗိုလ်ပါတို့က ဘုရင်မင်းမြတ်၏ အရိပ်အခြေကို စောင့်ကြည့်နေကြသည်။ စစ်သူကြီးရဋ္ဌပါလက လက်အုပ်ချီလျက် ကိုယ်ကို အသာအယာရို့ကာ ဘုရင်မင်းမြတ် နောက်တော်ပါးမှ တစ်ရွေ့ရွေ့ လိုက်ပါလာသည်။ စုက္ကတေးမင်းက ညီလာခံသဘင်ဆောင် အလယ်ပေါက်အရောက်တွင် ရုတ်တရက် ရပ်တန့်ကာ သူကိုယ်တိုင် အနုရာဓကို စီးချင်းထိုး တိုက်ခိုက်မည်၊ အားလုံးအရံသင့်ရှိစေဟု စစ်သူကြီးရဋ္ဌပါလအား မိန့်တော်မူလေ၏။ စုက္ကတေးမင်း၏ မိန့်မှာစကားကို ခြေမြန်တော်တို့က သရဗာတံခါးထိပ်၌ စောင့်လင့်နေသော အနုရာဓထံသို့ ဆောင်ကြဉ်းလာကြသည်။ နေမွန်းတိမ်း နှစ်ပဟိုရ်ကျော်လျှင် သစ်မထီး ချောင်းကမ်းပါးလွင်ပြင်၌ ရဲမက်ဗိုလ်ပါတို့ နေရာယူပြီးကြလေပြီ။
အနုရာဓ၏ စစ်သည်ရဲမက်တို့မှာ ချောင်းကမ်းပါး သင့်တင့်လျောက်ပတ်သော နေရာ၌ အရံသင့်နေကြ၏။ စုက္ကတေး၏ တပ်မဗိုလ်ပါတို့ကမူ အခြားတစ်ဘက်၌ ဒါးလှံ၊ လက်နက်များ စွဲကိုင်လျက် နေရာ ယူထားကြလေသည်။ ရဋ္ဌပါလစစ်သူကြီးသည် စုက္ကတေး ဘုရင်မင်းမြတ် စီးနင်းမည့် သိန္ဓောမြင်းကြီးကို ကုန်းနှီးခြေနင်းကအစ အဆင်ပြေချောမွေ့မှု ရှိစေရန် စီမံစစ်ဆေးလျက် ရှိလေ၏။ နေ့နှစ်ပဟိုရ်ကျော် တစ်မောင်းအချိန် ရောက်လျှင်ပင် အနုရာဓသည် သစ်မထီး ချောင်းကမ်းပါး တပ်စုရှိရာ နေရာမှနတ်မြင်းဟု အဆိုရှိကြသည့် ခန္တီကလက်လှမြင်းတော်ကို စီးနင်းလျက် လက်တစ်ဖက်မှ အရိန္ဒမာဟု အမည်ပေးထားသော လှံရှည်ကို ဆွဲကိုင်ကာ ထွက်ခွာလာခဲ့သည်။ ခပ်လှမ်းလှမ်းမှ သိန္ဓောမြင်းညိုကြီးကို စီးနင်းလျက် သူ့ထံသို့ တရွေ့ရွေ့ လာနေသော စုက္ကတေးဘုရင်ကိုလည်း အတိုင်းသား မြင်နေရသည်။ တစ်စစ နီးကပ်လာတော့မှ အနုရာဓ နောင်တော်ဘုရင်ကို အကဲခတ်ကြည့်လိုက်မိသည်။ သူပုပ္ပားအရပ်၌ လက်နက်လူသူ စုဆောင်းရင်း စစ်ရေးစစ်ရာ လေ့ကျင့်သင်ကြား ဆည်းပူးနေခဲ့ရသည့် ငါးနှစ်တာကာလအတွင်း နောင်တော်ဘုရင်မှာ သိသိသာသာ အိုစာသွားပေပြီ။
စုက္ကတေးဘုရင်သည် အနုရာဓရှိရာသို့ တဖြေးဖြေး ချဉ်းကပ်လာ၏။ ထို့နောက် အနုရာဓအား အထင်အမြင် သေးဟန်ဖြင့် တစ်ချက် ပြုံးပြလိုက်သည်။ အနုရာဓက နောင်တော်မှာ သူ့ထက်ကြီးသူဖြစ်၍ အလျင်ထိုးသတ်ပါဟု ဆိုလာသည်။ သို့ဖြင့် စုက္ကတေးက မြင်းပေါ်တွင် အသင့် ကိုင်ဆောင်လာသည့် လှံရှည်ဖြင့် အနုရာဓအား လှမ်းထိုးလေ၏။ ရဲမက်ဗိုလ်ပါ မင်းပရိသတ်အပေါင်းက သြဘာသံများ ဆူညံနေအောင် အားပေး ချီးမွမ်းကြသည်။ ပုဂံမြို့သူမြို့သားများသည်လည်း ကမ်းလုံးညွှတ်မျှ လာရောက် အားပေးကြည့်ရှုကြ၏။ အနုရာဓသည် နောင်တော်ဘုရင် မြင်းထက်မှ ထိုးလိုက်သည့် လှံချက်ကို မြင်းဇက်ကြိုးအား အသာအယာ ဆွဲလိုက်ကာ တိမ်းရှောင်၏။ လှံချက်က မြင်း၏ဦးခေါင်းကို ရှပ်ထိသွားသည်။ မိမိ၏ထိုးနှက်ချက် လွဲမှားသွားပြီဟု စုက္ကတေးမင်း ရုတ်ချည်းသိလိုက်၏။
သို့သော် ပထမဆုံး လှံချက်၌ပင်လျှင် သူ့အဖို့ နောက်ကျသွားလေပြီ။ အနုရာဓသည် လျင်မြန်ဖျတ်လတ်စွာပင် သူ၏ အရိန္ဒမာလှံရှည်ဖြင့် နောင်တော်စုက္ကတေး၏ ရင်ဝအားမှန်းဆ၍ ထိုးနှက်လိုက်၏။ လှံချက်က စုက္ကတေးမင်း၏ လက်ဝဲဘက်ရင်အုံသို့ တိုက်ရိုက်ထိုးဝင်သွားသည်။ စုက္ကတေးသည် တုန်တုန်ရီရီဖြစ်လျက် အနုရာဓထိုးလိုက်သည့်လှံကို ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ထားလိုက်၏။ သူ၏ရင်ဝတွင် သွေးတွေ ချင်းချင်းနီနေသည်။ အနုရာဓသည် လှံကိုဆွဲမနှုတ်ဘဲ မြင်းထက်မှပင် စုက္ကတေးအား ချောင်းကမ်းပါးဆီသို့ အသာအယာ ခေါ်ဆောင်သွား၏။ အနုရာဓ၏ ဘက်တော်သား ရဲမက်ဗိုလ်ပါတို့က လက်ခုပ်သြဘာတီးကာ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်ကြသည်။ စုက္ကတေးဘုရင်၏ ရဲမက်ဗိုလ်ပါများကတော့ သူတို့ဘုရင်မင်းမြတ်အား ဝမ်းနည်းကြေကွဲစွာ ငေးမောကြည့်ရှုလျက် ကြက်သေ သေနေကြလေ၏။ ချောင်းကမ်းပါးရောက်တော့ စုက္ကတေး၏ သိန္ဓောမြင်း ယိမ်းယိုင်ကာ ထိုးလဲသွားသည်။ စုက္ကတေးမင်းသည်လည်း မြင်းပေါ်မှကျကာ သွေးအိုင်အတွင်း၌ နတ်ရွာစံလွန်သွားလေပြီ။
မင်းပရိသတ်အပေါင်းသည် အနုရာဓအား သောင်းသောင်းဖျဖျ ကြိုဆိုသြဘာ ပြုကြ၏။ ခရုသင်းမှုတ်သူက မှုတ်သည်။ လက်ခုပ်လက်ဝါးတီးသူက တီးကြသည်။ နတ်ရွာစံဘုရင် စုက္ကတေး၏ စစ်သူကြီးဖြစ်သော ရဋ္ဌပါလကပင်အနုရာဓ ရှေ့တော်မှောက်သို့ ရောက်ရှိလာကာ ဒူးထောက် အရိုအသေပြုသည်။ ပုဂံထီးနန်းကို အနုရာဓပင် ဆက်ခံပါတော့ဟု မေတ္တာရပ်ခံ၏။ မင်းပရိသတ်အပေါင်းတို့ကလည်း မင်းမြတ်အနော်ရထာဟု အနုရာဓအား ကောင်းချီးပေးကြကုန်၏။ အနော်ရထာမင်း နန်းတက်လေပြီ။ အနော်ရထာကား မဟာရာဇသီရိအနိရုဒ္ဓဒေဝဘွဲ့မြတ်ကို ခံယူလေ၏။ ဘုရင်မင်းမြတ်၏ ဘိသိက်မင်္ဂလာပွဲကား ခမ်းနားထည်ဝါလှသည်။ အနုရာဓရွာကြီးကို ရွာစားအရာ ရရှိခဲ့ရာမှ အနုရာဓမင်းသားဟု ထင်ရှားခဲ့သော်လည်း ဗြဟ္မာဏတို့ကမူ အနိရုဒ္ဓမင်းမြတ် ဟူ၍သာ ခေါ်ဆိုကြ၏။
အနိရုဒ္ဓသည် ပါဠိဘာသာ၌ မဆန့်ကျင်ခြင်း၊ နှစ်သက်ခြင်းဟု အနက်အဓိပ္ပါယ်ရသည် ဆိုပါသည်။ အမှန်ပင် အနော်ရထာမင်းမြတ်သည် ပြည်သူပြည်သားတို့နှင့် မဆန့်ကျင်၊ တိုင်းသူပြည်သားအများ၏ နှစ်သက်မြတ်နိုးခြင်းကို ခံရသူလည်း ဖြစ်၏။ ပြည်သူအများ၏ နှုတ်ဖျားတွင် မင်းမြတ်အနော်ရထာဟူသော အသုံးအနှုန်းက တွင်ကျယ်နေပေပြီ။ အနော်ရထာမင်းသည် နန်းရင်ပြင်၌ပင် ထုံးတမ်းစဉ်လာနှင့် အညီမိဖုရားနှစ်ပါးကို အခမ်းအနားဖြင့် တင်မြှောက်ခဲ့လေသည်။ အဂ္ဂမဟေသီအဖြစ် တောင်ပြင်သည် မိဖုရားကြီး၊ ထို့နောက် မြောက်ပြင်သည် မိဖုရားတို့ ဖြစ်ကြလေသည်။ နန်းတက်စကာလ၌ မိမိကိုယ်တော်တိုင် ပြုလုပ်သည့် ရွှံ့စေတီ မြေပုံဘုရားများတွင်ပင်…
ဧသော ဘဂဝါ မဟာရာဇ သီရိအနိရုဒ္ဓဒေဝေန ကတော ဝိမုတ္တတ္တံ သဟတ္ထေနေဝါတိ။
ဟု ပါဠိဘာသာဖြင့် ရေးထိုး၏။ အနက်အဓိပ္ပါယ်ကား သောဘဂဝါ- ထိုမြတ်စွာဘုရားကို မဟာရာဇသီရိအနိရုဒ္ဓဒေဝေန- ကျက်သရေအပေါင်းနှင့် ပြည့်စုံ၍ တိုင်းသူပြည်သားလူအများတို့နှင့် မဆန့်ကျင်သော မင်းမြတ်သည် (သို့တည်းမဟုတ်) အနော်ရထာမင်းမြတ်သည် ဝိမုတ္တတ္ထံ- နိဗ္ဗာန်ချမ်းသာအလို့ငှာ သဟတ္ထေနေဝါတိ- မိမိ၏ လက်တော်ဖြင့်သာလျှင်၊ ကတော- ပြုလုပ်အပ်၏ ဟူ၍ ဖြစ်သည်။
မင်းမြတ်အနော်ရထာ နန်းမရမီက ပုဂံမြို့တစ်နေရာတွင် အတူတကွ လျှို့ဝှက်စွာ သစ္စာတော်ပြုခဲ့ကြသူ ကလန်၊ သံပျင်း၊ နန်းတွင်းနွယ်ဘွားတို့ကလည်း ယခင်သစ္စာတော် ပြုခဲ့ကြသည့်အတိုင်း မြောက်ပြင်သည် မိဖုရားဟောင်းကြီး ကောင်းမှုတော် ဂူဘုရားအနီး၌ ကျောက်စာတိုင် တစ်တိုင်ကို အတည်ပြုစိုက်ထူလိုက်ကြ၏။ ကျောက်စာတွင်- “မင်းသား၊ မင်းသမီး၊ သံပျင်း၊ ကလန် သစ္စာမူသည်ကား မြတ်စွာသော ဘုရင်မင်းကြီးကို လည်းကောင်း၊ သားတော် အနော်ရထာစောကို လည်းကောင်း သေကြောင်းပျက်ကြောင်း မကြံ၍ တစ်ပြည်တွင်းသူကို လည်းကောင်း၊ အရပ်တစ်ပါးနှင့် ပြည်သူတို့ကို လည်းကောင်း၊ ပြည်ရွာပျက်ကြောင်း တလည်တပတ် မဆိုမမုန်း၊ သားတော်မြေးတော်၊ အနွယ်တော် အစဉ်တို့ကိုလျှင် ချီးပင့်အံ့၊ ဤသို့သော သစ္စာဖြင့်ချွတ်မူကား၊ အပြစ်ရှစ်ပါး ဒဏ်ဆယ်ပါး ရောက်စေ၏။ အလှူအကျိုး မရလို၊ အပါယ်လေးပါး၌ ဖြစ်လို၏” ဟု ရေးထိုးကြသည်။
တစ်ချိန်က နန်းကျဘုရင် ဖြစ်ခဲ့ဖူးသည့် မင်းမြတ်အနော်ရထာ၏ ခမည်းတော် ကျောင်းဖြူမင်းကြီးမှာ သားတော်အတွက် လည်းကောင်း၊ ပြည်သူပြည်သားတို့အတွက် လည်းကောင်း၊ များစွာ နှစ်ထောင်းအားရမိလေသည်။ သားတော် အနော်ရထာ မင်းမြတ်ကလည်း မင်းခမ်းမင်းနားများ ဆင်ယင်ကျင်းပကာ ကျေးဇူးဆပ်၏။ မယ်တော်မြောက်ပြင်သည် မိဖုရားဟောင်းကြီးမှာ ပထမတော့ တူတော်စုက္ကတေးဘုရင် နတ်ရွာစံလွန်၍ ကြေကွဲ တုန်လှုပ်ခဲ့ရသော်လည်း ယခုမူသားတော်ရင်း အနော်ရထာအတွက် ဂုဏ်ယူမဆုံး ရှိနေချေပြီ။ အနော်ရထာသည် နန်းတက်စနေ့များ၌ ခမည်းတော်၏ ကျောင်းသင်္ခမ်းဆီသို့ အမြဲကြွချီ၏။ မယ်တော်၏ ဆိုဆုံးမမှုကို အမြဲခံယူ၏။
သို့သော် သူကောင်းစွာ စက်တော်မခေါ်နိုင်ခဲ့။ နောင်တော်ဘုရင်ကို စီးချင်းတိုက်ပွဲ၌ လုပ်ကြံမိခဲ့သည့် အပြစ်အတွက် ဖြေဖျောက်၍ မရနိုင်ခဲ့။ တစ်ခါတစ်ရံ ဤအကြောင်းများကို ပြန်စဉ်းစားမိပါက ယူကြုံးမရ ဖြစ်မိသည်။ အဂ္ဂမဟေသီ တောင်ပြင်သည် မိဖုရားကြီးက သူ့ကို နှစ်သိမ့်ရှာသည်။ သို့သော် မတတ်နိုင်။ အခြေအနေက ဤသို့ပင် ဖန်တီးလာခဲ့သည် မဟုတ်ပါလော။ တစ်ည စက်တော်ခေါ်စဉ် အိပ်မက်တစ်ခုကို မက်မြင်၏။ အိပ်မက်တွင် သိကြားမင်းက အနော်ရထာမင်းအား ဆိုလာသည်။ နောင်တော်အကြီးအား ပြစ်မှားမိသော မကောင်းမှုမှ ခေါင်းပါးစေလိုလျှင်ဂူ၊ ကျောင်း၊ ဘုရား၊ဇရပ်၊ ရေကန်၊ ဆည်မြောင်း၊ လယ်ချောင်းများကို များစွာစီရင်၍ နောင်တော်အား အမျှပေးဝေပါလေ ဟူ၏။ အနော်ရထာ အိပ်စက်နေရာမှ ရုတ်တရက် လန့်နိုးလာသည်။ ချွေးသီးချွေးပေါက်များပင် ကျလာ၏။ သူအကြီးအကျယ် တုန်လှုပ်သွားမိသည်။ တူတော်ဘုရင် ဆုံးပါးသွားကြောင်း သတင်းကြားရစဉ်က မယ်တော် မိဖုရားဟောင်းကြီး ပုတ္တလုလင် ဆုံးပါးရှာပြီဟု အော်မြည်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်ကို အမှတ်ရမိ၏။
မင်းမြတ်အနော်ရထာသည် အိပ်မက်မက်မြင်ပြီး နောက်ပိုင်းတွင် မှူးမတ်ဗိုလ်ပါတို့နှင့် မပြတ်တိုင်ပင်ကာ မြန်မာပြည်အနှံ့ ဘုရား၊ ဂူကျောင်း၊ တန်ဆောင်းဇရပ်များကို တည်ထား ကိုးကွယ်တော်မူ၏။ ထိုမှတစ်ပါး ဆည်မြောင်း ချောင်းကန်များကိုလည်း ဆည်တော်မူလေသည်။ ကင်းတားဆည်၊ ငနိုင်းသင်ဆည်၊ ပြောင်းပြဆည်၊ ကူမည်းဆည်တို့ကို ပန်းလောင်းမြစ်၌ လည်းကောင်း၊ နွားတက်ဆည်၊ ကွမ်းဆေးဆည်၊ ကူတော်ဆည်တို့ကို မက္ခရာမြစ်၌ လည်းကောင်း ဆည်တော်မူခဲ့၏။ ထို့ပြင် လယ်တွင်း တစ်ဆယ့်တစ်ရွာကိုလည်း ပြုစုတော်မူခဲ့သည်။ ယင်းလယ်တွင်း တစ်ဆယ့်တစ်ရွာသည်ကား ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်းခုန်တိုင်၊ ယမုံး၊ ပနုံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်း၊ တမုတ်ဆိုးနှင့် ခံလူးရွာတို့ပင် ဖြစ်ကြလေသည်။ ခမည်းတော်ဘုရင်ကြီးမှာ သားတော်အနော်ရထာအတွက် ဝမ်းမြောက်ပီတိ ဖြစ်မိလေသည်။
နောင်တော် စုက္ကတေးဘုရင်ကို ထီးနန်းမှ ဖယ်ရှားပြီးလျှင် ပြီးချင်းမိမိ၏ ကျောင်းသင်္ခမ်းသို့ လာရောက်ကာ မိမိအား မင်းပြုတော်မူပါရန် အနူးအညွတ် လာရောက်တောင်းပန်ရှာသော သားတော်၏ ကျေးဇူးသိတတ်ပုံကိုလည်း ချီးမွန်းမဆုံး ရှိလေ၏။ မိမိ အသက်အရွယ်ကြီးရင့် နေပါပြီ။ မိမိအတွက် ထီးနန်းစည်းစိမ်ဟူသည် မလိုအပ်တော့။ ကျောင်းဖြူမင်းကြီးသည် မိမိကျောင်းသင်္ခမ်းသို့ လာရောက် ပေးပို့ထားသည့် အဆောင်အယောင် မင်းခမ်းမင်းနားများ၊ ပွဲတော်အုပ်များကို ကြည့်၍ မျက်ရည်ပင် လည်လာမိ၏။ သည်တစ်ကြိမ်တွင်တော့ ဝမ်းမြောက်လွန်း၍ ကျဆင်းလာသည့် မျက်ရည်များ ဖြစ်ပေသည်။ မင်းမြတ် အနော်ရထာသည် ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရေးအတွက် အစွမ်းကုန် ဆောင်ရွက်ကြိုးပမ်းသကဲ့သို့ ဗြဟ္မာဏအယူရှိသူများကိုလည်း မဆန့်ကျင်။ သူတို့ကိုးကွယ်လိုရာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ယုံကြည်ခွင့် ပြုထားလေသည်။
အနော်ရထာမင်းမြတ်၏ ယင်းသို့သော လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကြောင့်ပင် ပုဂံမြို့တော်၌ ဟိန္ဒူ ဘုရားကျောင်းကြီးတစ်ဆောင် ပေါ်ပေါက်လာ၏။ ယင်းကျောင်းကြီးတွင် လှဲလျောင်းလျက်ရှိသော ဗိဿနိုးနတ်ရုပ်ကြီးရှိသဖြင့် နတ်လျောင်းကျောင်းဟု ခေါ်ဆိုကြသည်။ သူတို့အယူဘာသာ အခေါ်အားဖြင့်မူ နာနာဒေစိဗွင်နာဂရအလဝါ ဘုရားကျောင်းဟု ခေါ်ဆိုကြသည်။ အဓိပ္ပါယ်မှာ နိုင်ငံအသီးသီးမှ လာရောက်ကြသူတို့၏ ဗိဿနိုးဘုရားကျောင်းဟူ၍ ဖြစ်သည်။ အနော်ရထာမင်းသည် ဗြဟ္မဏ အယူဝါဒကိုးကွယ်ကြသူတို့၏ ဘာသာရေးအကြီးအကဲများက ဘုရားကျောင်း တစ်ဆောင် ဆောက်လုပ်လိုကြောင်း လာရောက် လျှောက်ထားကြစဉ်ကပင် ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုခဲ့သည်။ ဗြဟ္မဏ အကြီးအကဲတစ်ဦးဖြစ်သူ သီရိကုလဇေကရိကယပင် မင်းမြတ် အနော်ရထာမင်းမြတ်သည် ဘုရားကျောင်းအတွက် မြေနေရာကို ပေးသနားရုံမျှမကသေး၊ ရွှေငွေ၊ ကျောက်သံပတ္တမြားစသည့် အဖိုးအနဂ္ဃ ထိုက်တန်သော ရတနာများကိုလည်း လှူဒါန်းပေးခဲ့ပေသေး၏။
မင်းမြတ်အနော်ရထာသည် မဟာဝိနာယက နတ်ကိုးကွယ်သူများ၊ သီဝနတ် ကိုးကွယ်သူများ၊ အိမ်တွင်းနတ် ကိုးကွယ်သူများနှင့် နဂါးကိုးကွယ်သူများကိုပင် မဆန့်ကျင်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားခဲ့လေသည်။ အချို့ဒေသဆိုင်ရာ ရိုးရာနတ် ကိုးကွယ်သူများလည်း မြန်မာပြည် နေရာအနှံ့အပြားတွင် ရှိကြ၏။ အိမ်တွင်းနတ် ကိုးကွယ်သူတွေက ပိုမိုများပြားပါသည်။ အိမ်တွင်းနတ် ဟူသည် တကောင်းဒေသမှ ပန်းပဲလုပ်ကိုင်သူ မောင်တင့်တယ်တို့ မောင်နှမနတ်များ ဖြစ်ကြ၏။ ပန်းပဲမောင်တင့်တယ်မှာ ခွန်အားကြီးမားသန်စွမ်းသဖြင့် တကောင်းမင်းက ကြောက်လန့် စိုးရိမ်ကာ လိုက်လံဖမ်းဆီးသည်။ ဤတွင် မောင်တင့်တယ်က ထွက်ပြေး လွတ်မြောက်သွားသည်။ တကောင်းမင်းသည် မောင်တင့်တယ်၏ နှမကို မိဖုရားမြှောက်ကာ မောင်တင့်တယ်အားလည်း မြို့သူကြီးအရာပေးမည်ဟု ဖျားယောင်းသွေးဆောင် ခေါ်ယူလျက် ဖိုကျင်ထိုး သတ်ပစ်၏။
ထိုအခါ မိဖုရားလည်း သူ့မောင်မှာ သူ့ကြောင့်သေရသည်ဆိုကာ မီးတွင်းထဲသို့ ခုန်ချသွားပေရာ နတ်မောင်နှမဟူ၍ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ တကောင်းမင်းသည် စကားပင်၌ နေကြသည့် နတ်မောင်နှမအား ဖမ်းစားလွန်းလှ၍ စကားပင်ကို အမြစ်မှတူးနှုတ်လျက် ဧရာဝတီမြစ်တွင်းသို့ မျောချလိုက်သည်။ ပုဂံသို့ ရောက်သွားသောအခါ သေလည်ကြောင်မင်းက ဆယ်ယူလျက် စကားတုံးကို နတ်မောင်နှမရုပ်တု ထုလုပ်ပြီး ပုပ္ပားတောင်၌ နတ်ကွန်းနှင့်ထား၏။ မင်းမြတ်အနော်ရထာ မင်းသားဘဝက စုက္ကတေးဘုရင်ကို တွန်းလှန်ဖယ်ရှားနိုင်ရန် ပုပ္ပားအရပ်သို့ သွားရောက်ခိုလှုံလျက် လက်နက်လူသူစုရုံးခဲ့စဉ်ကပင် ပုပ္ပားဒေသ၌ မဟာဂီရိနတ်မောင်နှမကို ကိုးကွယ် ဆည်းကပ်ကြသူများ အများအပြား ရှိကြောင်း သတိထားမိသည်။ ခမည်းတော် ကျောင်းဖြူမင်းကြီးကလည်း ပြည်သူပြည်သား အများအား မိမိတို့ သက်ဝင်ယုံကြည်ရာ အယူဝါဒကို လွတ်လပ်စွာ ကိုးကွယ်စေနိုင်ဖို့ အခွင့်အလမ်း ရှိစေရမည်ဖြစ်ကြောင်း သားတော် အနော်ရထာ မင်းမြတ်အား မပြတ်သတိပေး၏။ အနော်ရထာ မင်းမြတ်သည်လည်း မပြတ်ဆိုသကဲ့သို့ ခမည်းတော်ထံမှ ဆုံးမသြဝါဒများကို နာယူလေ့ရှိပေသည်။ အနော်ရထာမင်း နန်းတက်ပြီး သုံးနှစ်အကြာ၌ပင် သီရိပစ္စယာ၌ ကျောင်းဆောက်လုပ်ကာ ခမည်းတော် ကျောင်းဖြူမင်းကြီးကို ရေစက်ချ လှူဒါန်းစေလေသည်။ ထိုအချိန်တွင် ကျောင်းဖြူမင်းကြီးမှာ အသက်ရှစ်ဆယ်ကျော်အရွယ် အိုမင်းမစွမ်း ရှိနေပေပြီ။ မင်းကြီးသည် သားတော် အနော်ရထာမင်းက ပေးကမ်းသည့် ရွှေရေကရားမှ ရေစက်သွန်းချရင်း သင်ကြီး မဟာထေရ်၏ ရှေ့တော်မှောက်၌ ကျောင်းတော်ကို သာသနာတော် အလို့ငှာ လှူဒါန်းခဲ့လေသည်။
နောင်တစ်နှစ်၌ပင် အသက် ရှစ်ဆယ်လေးနှစ်အရွယ် ရှိပြီးဖြစ်သော ခမည်းတော် ကျောင်းဖြူမင်းကြီး နတ်ရွာစံလွန်သွားပါသည်။ ခမည်းတော် နတ်ရွာစံလွန်ပြီး နောက်တစ်နှစ်၌ပင် မင်းမြတ်အနော်ရထာ၏ တောင်ပြင်သည် မိဖုရားကြီးမှ သားတော်ကလေးတစ်ပါး ဖွားမြင်ပါသည်။ အနော်ရထာမင်းမြတ်သည်ကား သားတော်ကလေးကို အလွန် ချစ်ခင်ရှာသည်။ သားတော်လေး တစ်ပါးရတော့ ခမည်းတော်၏ ဂုဏ်ကျေးဇူး အစုစုကို ပိုမိုတမ်းတ အမှတ်ရမိပါသည်။ သားတော်ကလေးသည် အဖွားဖြစ်သူ မယ်တော်မြောက်ပြင်သည် မိဖုရားဟောင်းကြီးနှင့်အတူ နေထိုင်လျက် ဤသို့ဤပုံ ရှိပေလိမ့်မည်ဟု တွေးတော ဆင်ခြင်မိ၏။ ပုဂံပြည်သူ ပြည်သားအများကတော့ မင်းမြတ်အနော်ရထာ၌ နန်းလျာ သားတော်ကလေးတစ်ပါး ရရှိပြီမို့ ဘုရင်မင်းမြတ်နှင့် ထပ်တူထပ်မျှ ဝမ်းပမ်းတသာ ရှိကြလေသည်။
ပုဂံရွှေပြည်မှ သူရဲကောင်းများ (တင့်နိုင်တိုး) စာအုပ်မှ ကောက်နုတ်ထားပါသည်။
Credit; Original Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
Posted via Blogaway
မင်းမြတ် အနော်ရထာ
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment